မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အိမ်ထောင်တစ်စုလျှင် (၂၀၀၀၀/-) ကျပ်နှုန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်

မိုးကောင်း  စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၄၁၀၄) စုအတွက် ကျပ်သိန်း (၂၈၂၀) ကျော်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေးအပ်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ထောက်ပံ့ပေးအပ်ခြင်း နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး   အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံတို့က လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဝန်ကြီးနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများက မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၅၀) မှ ထောက်ပံ့ပေးအပ်ရေး ဥက္ကဋ္ဌများထံသို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မြို့နယ်မှ နယ်မြေအလိုက် တာဝန်ပေးထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်အဖွဲ့များ၏ ကွင်းဆင်း ကြပ်မတ်မှုဖြင့် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀/-) ကျပ်နှုန်းဖြင့် လက်ဝယ်အရောက် ဆက်လက်ပေး အပ်မည်ဖြစ်ပြီး ယခုထောက်ပံ့မှုသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)