ရေဘေးသင့်ပြည်သူများအတွက် ကချင်ပြည်နယ်ကြက်ခြေနီမှ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဖားကန့်  စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွတ်ကျေးရွာအုပ်စု၊ ရှဒူဇွတ်ကျေးရွာတွင် စက်တင်ဘာ (၂၅) ရက်နေ့ နံနက် (၃) နာရီအချိန်ခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေများ မြင့်တက်လာခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားရာနေရာသို့ ကြက်ခြေနီအဖွဲ့မှ တစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ရေဘေးသင့်နေရာသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီး၏လမ်းညွှန်မှုဖြင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်‌‌ ဦးမောင်မောင်ချို၊ ဦးအောင်မြတ်သူ၊ ဒေါ်သဲမွန်နိုင်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမှ ရှဒူဇွတ်ကျေးရွာသို့ သွားရောက် ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စု (၄၁၀) ကျား (၁၄၄၅)ဦး၊ မ (၁၄၂၇)ဦး စုစုပေါင်း (၂၈၇၂)ဦးအတွက် စောင် (၃၈၇) ထည်၊ ခြင်ထောင် (၃၈၇)လုံး၊ ဆပ်ပြာ (၄၁၀) တောင့် မိသားစုသုံး ပစ္စည်း (၂၃) မျိုးကို ကာမိုင်းမြို့ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်အတူ ရှဒူဇွတ်ဘုရားကျောင်းတွင် ပေးအပ်ခဲ့ကြောင်းပြည်နယ်ကြက်ခြေနီရုံးမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)