မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေး  ဖေဖော်ဝါရီ  ၂၉

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှ က မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးနေဝင်းက မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံများနှင့် (၂၀၁၉-၂၀၂၀) ကော်မတီအသစ် ရွေးချယ်နိုင်ရန်အတွက် စီစဉ်ထားမှုများကို ရှင်းလင်း ပြောကြားသည်။ ၎င်းနောက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး က (၂၀၁၆-၂၀၁၉) သက်တမ်း(၃)နှစ်တာ ဆောင်ရွက် ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ စာရင်းစစ် ဦးဉာဏ်အောင် က ဘဏ္ဍာငွေရရှိမှု ကနောင်ခန်းမကြီး ပြုပြင်ရေး၊ EMP ရေးဆွဲသည့် ကိစ္စရပ်များနှင့် လှူဒါန်းခဲ့သူများ၏ အလှူငွေများ၊ ဘဏ္ဍာငွေ ရရှိအောင် စီမံဆောင်ရွက်ခဲ့မှုများ၊ ရသုံးငွေစာရင်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းရှင်များ၏ အကြံပြု ဆွေးနွေးမှုများအား မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ပြောကြားသည်။ ယင်းနောက် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးမောင်အေး မှ နိဂုံးချုပ်အမှာ စကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော ဦးစိုင်းပန်းဆိုင်၊ ဦးအောင်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)