ပူတာအို စက်တင်ဘာ ၂၈
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တစ်ဖန်မြင့်တက်လျက်ရှိနေပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမှ မြို့နယ် ပူတာအို-ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ကျန်းမာရေး နှင့် မြို့လူအဝင်/အထွက် စစ်ဆေးဂိတ်ကို ယမန်နေ့နံနက် ၈ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မူလာရှီးဒီ အဝင်/အထွက် စစ်ဆေးဂိတ်တွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူပေါင်းကာ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသည်မှတ်တမ်း ရေးသွင်းခြင်းများ နေ့စဉ်ဆောင်ရွက်နေမှုများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။
မူလာရှီးဒီ အဝင်အထွက် စစ်ဆေးဂိတ်ကို နံနက်(၇) နာရီမှည (၉) အထိသာဖွင့်၍ ကျန်းမာရေး ပူပေါင်းစစ်ဆေးရေး အဖွဲ့များက နံနက် (၇) နာရီ မှညနေ (၅) နာရီအထိ ကြပ်မတ် စစ်ဆေးလျက်ရှိရာ တစ်နေ့လျှင် လူ(၈၀) ဦးခန့် အဝင်အထွက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ယာဉ်ကြီး များနှင့် ဒေသခံများ အနေဖြင့်လည်း ရပ်ကွက်ထောက်ခံစာပါရှိမှ ဖြတ်သန်းခွင့်ပြုခြင်းများ၊ အခြားမြို့မှ လာရောက်သူများ ကိုယ်အပူချိန်မြင့်မားနေပါက မြို့ထဲအဝင်ခံမည် မဟုတ်ကြောင်း၊ ဒေသခံဆိုလျှင် Quarantine ၁၄ ရက်ဝင်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာရန် စည်းကမ်းချက်များ၊ ကျန်းမာရေး ညွှန်ကြားချက်များကို မြင်သာသည့်နေရာတွင် ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
ဆန်းညွန့်(ပူတာအို)