တွန်းဇံ စက်တင်ဘာ ၂၈
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့နံနက်(၁၀)နာရီက တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှင်းခိုင်တို့က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ တွန်းဇံမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်းသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မ ၂၉နှင့် ပုဒ်မ ၃၀(က)အရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်တော့မည်ဖြစ်ဖြင့် တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ရေး ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်းလင်း ဆွေးနွေးသည်။
တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ တွန်းဇံမြို့အတွင်း ဘာသာရေး အစည်းအဝေးများ ကျင်းပမှုမရှိစေရေး၊ လူစုလူဝေးဖြစ်ပေါ်မှုမရှိစေရေးနှင့် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက (၂၄)နာရီအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)