မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာမူဝါဒ မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကျင်းပ

မန္တလေး  ဖေဖော်ဝါရီ  ၂၉

မန္တလေးခရိုင် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော လူငယ်ရေးရာမူဝါဒ မဟာဗျူဟာမိတ်ဆက် ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးကြည် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများနှင့် လူငယ်ရေးရာ ကော်မတီဝင်များက အပြန်အလှန် မိတ်ဆက်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုလင်းသီဟ က လူငယ်ရေးရာမူဝါဒ မဟာဗျူဟာ စီမံချက်(မူကြမ်း)အား မိတ်ဆက် ရှင်းလင်းသည်။

ယင်းနောက် လူငယ်အသိပညာပေး စကားဝိုင်းအား ဆက်လက်ကျင်းပရာ မန္တလာရောင်စဉ်အဖွဲ့မှ တည်ထောင်သူ ဒေါ်ဥမ္မာ က အမျိုးသမီး အခွင့်အရေးဆိုင်ရာများ နှင့်ပတ်သက်၍ လည်းကောင်း၊ မန္တလးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း အတွင်းရေးမှူး ကိုကောင်းထက်သာနှင့် မန္တလေးခရိုင် လူငယ်ရေးရာ ကော်မတီမှ မသန်စွမ်းကိုယ်စားလှယ် ကိုကျော်ဇောအောင် တို့က မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း၊ မန္တလေးခရိုင် လူငယ်ရေးရာ ကော်မတီမှ LGBT ကိုယ်စားလှယ် ကိုကျော်ဇင်ထက် က LGBT အခွင့်အရေးဆိုင်ရာများ နှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေး ပြောကြားရာ တက်ရောက်လာများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ မန္တလေးခရိုင် လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)