ဟားခါး စက်တင်ဘာ ၂၈
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက် များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းတွင် ကုန်စုံဆိုင်များအနေဖြင့်စျေးဝယ်သူနှင့်(၆)ပေအကွာဖြင့် စျေးရောင်းချခြင်း ရှိမရှိ၊ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများ နှာခေါင်းစည်း(MASK)တပ်ဆင်မှုရှိ/မရှိ၊ စျေးဆိုင်များရှေ့တွင် လက်ဆေးဘေစင် နှင့်လက်ဆေးဆပ်ပြာထားရှိမှု ရှိ/မရှိ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင် များတွင် ဆိုင်ထိုင်စားသောက်ခြင်း ပိတ်ပင်ထား ရှိခြင်းကြောင့် ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်များ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဝန်ထမ်းများ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)