ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၉
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅၄၃)ဦးတို့အတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စကားဝါခန်းမတွင် ကျင်းပရာ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ လက်သို့ပေးအပ်လိုက်သည့် ငွေများသည် အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အမျိုးသားလူမှုရေး ပင်စင်ငွေများ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နေ့/ညမဆိုင်ပဲ မိမိတို့ကျေးရွာများသို့ ပြန်ရောက်လျှင်ရောက်ချင်း တစ်ဦးချင်းထံသို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြစေလိုကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း ရပ်ကွက်များရှိ သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ကြမှာ ဖြစ်ပါကြောင်း၊ ငွေကြေးပျောက်ရှခြင်း အစရှိသည့် မည်သည့်ကိစ္စမျှ မဖြစ်ပေါ်ကြစေရန် သတိပြု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ်ဖြစ်သော (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက်) တစ်လလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့်၊ ဘိုးဘွား(၁၅၄၃)ဦးအတွက်၊ စုစုပေါင်းငွေကျပ်(၄၆၂၉၀၀၀၀)ကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးတို့က လွှဲပြောင်း ပေးအပ်သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)