ရှဒူဇွပ်ကျေးရွာ၌ လီဒိုလမ်းမကြီးပေါ်မှ ရေများအားလုံးကျဆင်းသွား၍ မော်တော်ယာဉ်များအား ပုံမှန်ဖြတ်သန်းသွားလာနိုင်

ကာမိုင်း  စက်တင်ဘာ ၂၉

ကချင်ပြည်နယ် ဖားကန့်မြို့ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာ လီဒိုလမ်းမကြီးပေါ်၌ ယမန်နေ့နံနက် (၆) နာရီတွင် ရေများအားလုံး ပြန်ကျဆင်းသွားသဖြင့် မော်တော်ယာဉ်များအား ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီး ရေများဝင်ရောက် ခဲ့သည့်နေရာမျာ၌ သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကားလမ်းပေါ်တွင် စက်တင်ဘာ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့က မိုးများအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျ ရေများ ဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာသဖြင့် ချောင်းရေလျှံကာ မြစ်ကြီးနား-တနိုင်းသွား (လီဒိုလမ်းမကြီး) ပေါ်သို့ ရေအနက် (၁၂) ပေခန့်နှင့် ကားလမ်းအရှည်ပေ (၂၀၀၀) ခန့်ထိ ရေများဖုံးလွှမ်းလျက်ရှိရာ အတက်/အဆင်းများ သွားလာနေကြသည့်  မော်တော်ယာဉ်ငယ်/ယာဉ်ကြီးများအား ခေတ္တရပ်နားထားခဲ့ရသည်။

ရေများဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများနှင့် နေအိမ်များသည် ယမန်နေ့နံနက်ပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ရေများဝင်ရောက်ခဲ့သော နေရာများဖြစ်သည့် ရေတွင်းရေကန်များ၊ စာသင်ကျောင်းများအား သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)