မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ လိုက်လံအသိပေးနှိုးဆော်

မယ်စဲ့ စက်တင်ဘာ ၂၉


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာရမည့် အချက်များ၊ စည်းမျဉ်း၊ ဥပဒေများကို လိုက်နာ စောင့်ထိန်းခြင်းဖြင့် ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တတ်နိုင်သမျှ မိမိတို့အိမ်တွင် နေထိုင်ကြ ရန်၊ အပြင်သွားလာရပါက နှာခေါင်းစည်း မပျက်မကွက် တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ လူချင်း ဆက်ဆံပြောဆိုရာတွင် အနည်းဆုံး ခြောက်ပေအကွာမှ ပြောဆိုရန်၊ စနစ်တကျဖြင့် လက်ကို မကြာခဏ ဆေးကြောကြရန်၊ ပြည်ပနိုင်ငံများနှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်လာသူများ အနေဖြင့် Quarantine လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာမှ ထုတ်ပြန် ထားသော ဥပဒေများ၊ စည်းမျဉ်းများ၊ ဒေသန္တရအမိန့်များ ကို တိတိကျကျ လိုက်နာရန်စသည့် အချက် များကို အသိပေးနှိုးဆော်ခြင်းနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ က ရပ်ကွက်၊ ကျေးရွာများတွင်လည်း ကိုဗစ်-၁၉ နှိုးဆော်ချက်များကို မြန်မာ၊ ရှမ်း၊ ကရင် ဘာသာစကား (၃)မျိုးတို့ဖြင့် ဆော်ဩလျက်ရှိ ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)