လမ်းဘေးမြေစာပြိုကျမှု ဆက်လက်ဖြစ်ပွားခြင်းကြောင့် ချီဖွေ - ပန်ဝါသွား ကားလမ်း ယာယီပြတ်တောက်

ချီဖွေ  စက်တင်ဘာလ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ- ပန်ဝါသွားကားလမ်း ချီဖွေမြို့မှ (၃) မိုင်နှင့် (၉) မိုင်ခန့် အကွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လမ်းဘေးမြေစာများ ပြိုကျမှု ဆက်လက်ဖြစ်ပွားခဲ့ရာမှ ချီဖွေ- ပန်ဝါလမ်း ယာယီပြတ်တောက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းဘေးမြေစာများ ဆက်လက်ပြိုကျ၍ ချီဖွေ - ပန်ဝါလမ်း ယာယီ ပြတ်တောက်ရာမှ ချီဖွေငယ် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံမှ Loader ယာဉ်တစ်စီးအကူအညီဖြင့် ရှင်းလင်းဆောင်ရွက်ရာ ချီဖွေမြို့မှ (၃) မိုင်ခန့်အကွာ မြေစာပြိုကျမှုကို စက်တင်ဘာလ (၂၇) ရက် ညနေ (၅) နာရီအချိန်တွင် ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ချီဖွေမြို့မှ (၉) မိုင်ခန့်အကွာ လမ်းဘေးမြေစာ ပြိုကျမှုအား ယခုချိန်ထိ ဆက်လက် ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ချီဖွေမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချီဖွေ-မြစ်ကြီးနား သွားကားလမ်း ချီဖွေမြို့မှ မိုင်တိုင် (၅၄) နှင့် (၅၃) ကြား လမ်းဘေးမြေစာပြိုကျမှု ရှင်းလင်းရန် ကျန်ရှိသည့် ပြိုကျ မြေစာများအား မြို့နယ်လမ်းဦးစီးဌာနမှ Loader ယာဉ်တစ်စီးဖြင့် ဆက်လက် ရှင်းလင်း ဆောင်ရွက်ရာ ယမန်နံနက် (၁၁) နာရီအချိန်တွင် ရှင်းလင်း ဆောင်ရွက် နိုင်ခဲ့သဖြင့် ချီဖွေ- မြစ်ကြီးနား ကားလမ်းပုံမှန်အတိုင်း သွားလာနိုင်သော်လည်း၊ ချီဖွေ- ပန်ဝါ မော်တော်ကားလမ်း ယနေ့အချိန်ထိ ယာယီပြတ်တောက်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရသည်။

“ ချီဖွေ- ပန်ဝါ သွားကားလမ်းနှင့် ချီဖွေ- မြစ်ကြီးနား သွားလမ်းကတော့ မိုးရာသီရောက်တိုင်း လမ်းဘေး မြေစာပြိုကျမှု ဖြစ်နေကျဖြစ်ကြောင်း၊ ယခုနှစ်သည် ယခင်နှစ်များထက် မိုးများခြင်းကြောင့် မကြာခဏ ဖြစ်ပွားနေကြောင်း၊ တစ်နေရာရှင်းလင်း၍ မပြီးခင် နောက်ထပ်တစ်နေရာ ဆက်လက်ပြိုကျမှု ဖြစ်ပွားကြောင်းနှင့် ပြိုကျမြေစာများအား သက်ဆိုင်ရာတာဝန်ရှိသူတွေက အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးတာ တွေ့ရှိကြောင်း” ခရီးသွားပြည်သူ ဒေသခံတစ်ဦးထံမှ ကြားသိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)