ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ဆွမ်ပရာဘွမ်     စက်တင်ဘာ    ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် ဝါစပ်ခူးရပ်ကွက်၊ ကဘရန်ခူးရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၂၀) အတွက် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ကျပ်လေးသိန်း အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအိမ်ထောင်စုများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့အပြင်စက်တင်ဘာလ ၂၈ ရက် နံနက် (၁၁) နာရီခွဲခန့်က ဆွမ်ပရာဘွမ်မြို့နယ် မြို့မရပ်ကွက်ရှိ အခြေခံလူတန်းစာအိမ်ထောင်စု(၁၉)စုအား တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းကျပ် သုံးသိန်း ရှစ်သောင်းကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးထံမှသိရှိရသည်။ အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောညွှန်ကြား ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကုဋေ (ဆွမ်ပရာဘွမ်)