အမာမြို့တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ သွားလာခြင်းမရှိစေရေးအသိပညာပေးဆောင်ရွက်

အမာ  စက်တင်ဘာလ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲသွားလာခြင်း မရှိစေရေး အမာမြို့၊ ရပ်ကွက်များအတွင်းရှိ လမ်းဆုံလမ်းဂွတို့တွင် စောင့်ကြည့်စစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ယ‌နေနံနက် ၇ နာရီအချိန်တွင် အမာမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးစစ်ဆေးမှုကို အမာမြို့အတွင်း လမ်းမများတွင်သွားလာနေသော ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့် စစ်ဆေးစေပြီး၊ မလိုလားအပ်ဘဲ သွားလာမှုများ မရှိစေရန်၊ ပြည်သူများအပြင်ထွက် ဈေးဝယ်သည့်အခါ ရပ်ကွက်အတွင်း ထွက်ခွာသွားလာ ခွင့်ပြုသည့် ကဒ်ပြားများပါမပါစစ်ဆေးခြင်းကို စက်တင်ဘာလ (၂)ရက်နေ့မှ စ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး  ပြည်သူများ မိသားစုကျန်းမာရေးနှင့် အစားအသောက်အတွက် ဈေးဝယ်ခြင်းမှလွဲ၍ မလိုလားအပ်ဘဲသွားလာခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်အလိုက်အဖွဲ့များဖွဲ့စည်းပြီး နေ့/ညတာဝန်များခွဲဝေ၍ ဆောင်ရွက်ကြကြောင်း အမာမြို့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင် တစ်ဦးထံမှသိရသည်။

နော်လေး(အမာ)