ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ (၄၇) ဦး ခန့်အပ်သွားမည်

ချီဖွေ  စက်တင်ဘာလ  ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ရန်အတွက် အထူးရဲ (၄၇) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း ချီဖွေမြို့မရဲစခန်းမှ သိရသည်။

ချီဖွေမြို့နယ်အတွင်း ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၃) အုပ်စု၊ ဆန္ဒမဲပေးနိုင်ရန် မဲရုံ (၄၇) ရုံရှိပြီး မဲရုံအရေအတွက်အတိုင်း မဲရုံတစ်ရုံကို အထူးရဲတစ်ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အထူးရဲရွေးချယ်ခံရသူများအား လာမည့်အောက်တိုဘာလ (၁) ရက်နေ့မှစ၍ အောက်တိုဘာ (၃၁) ရက်နေ့အထိ (၁) လတာ သင်တန်းပေးလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ အကြောင်းအရာများ၊ အခြေခံစစ်ရေးပြတို့ကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည် ဖြစ်သည်။

ခန့်အပ်ထားသော အထူးရဲများအနေဖြင့် မဲရုံပတ်ဝန်းကျင် မည်သည့်အနှောင့်အယှက်မျှမရှိစေရေး၊ မဲရုံလုံခြုံရေး၊ မဲရုံပရဝုဏ်အတွင်း မသက်ဆိုင်သူများ ဝင်ရောက်မှုမရှိစေရေးနှင့် မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်ရမ်းကားခြင်း မဖြစ်ပေါ်စေရေးအတွက် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်(မြိုနယ် ပြန်/ဆက်)