တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ရေတိုက်စားခံရသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေး

တနိုင်း  စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ခြင်းနှင့် ရေတိုက်စားမှုများ ဖြစ်ပွားလျက်ရှိရာ လမ်းကြောင်းများ ယာယီပြတ်တောက်လျက်ရှိပြီး အဆိုပါ နေရာများတွင် အများပြည်သူများသွားလာရာ၌ ဘေးအန္တရာယ်မဖြစ်ပွားစေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် တနိုင်းချောင်းရေးမြင့်တက်လာကာ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ လမ်းမများပေါ်ရေကျော်ခြင်းနှင့် ရေတိုက်စားခံရခြင်းများကြောင့် တနိုင်း-ရှင်ဗွေယန်သွားလမ်း လီဒိုလမ်းမကြီး ပုန်ခုန်းရပ်ကွက်နှင့် ဆင်မ်ဆာ့ရပ်ကွက်ကြား ဖောက်လုပ်ထားသည့် လမ်းသစ်အကျယ်ပေ(၄၀)အား အရှည်ပေ(၅၀၀) ခန့်၊ အနံ(၃၀)ပေခန့် ရေတိုက်စားပြီးကျန်ရှိသည့် လမ်းသား(၁၀)ပေခန့်မှာ နွံများဖုံးလွှမ်းထားသဖြင့် ဆိုင်ကယ်သာသွားလာ ၍ရပြီး ကားများသွားလာ၍ မရသေးကြောင်း သိရသည်။

အဆိုပါရေတိုက်စားခံရ၍ လမ်းရေကျော်ခြင်းဖြစ်ပွားနေသည့်နေရာများတွင် တနိုင်းမြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်သန္ဓေ (၁၅)နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများသွားလာရာ၌ ဘေးအန္တရာယ်ကင်း စွာဖြတ်သန်းသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)