ဘောလခဲခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲမြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်

ဘောလခဲ စက်တင်ဘာ ၂၉


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု အရှိန်မပျက်ဆောင်ရွက်နေမှုအား စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဘောလခဲခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး စောမောရှည်၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့များတို့ ပူးပေါင်း၍ မြို့အဝင်/အထွက်ဂိတ်နေရာတွင် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း  ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းထားရှိခြင်း၊ ကျန်းမာရေးအတွက် စနစ်တကျ လက်ဆေးစေခြင်းကို စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖိုးရယ်