ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲဆုရစာရင်းများ ကြေညာ

ဟားခါး      စက်တင်ဘာ    ၂၉

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးအားကစား ကော်မတီတို့ပူးပေါင်း ကြီးမှူးကျင်းပသည့် ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲတွင် မြို့နယ်အလိုက် ဆုရရှိသည့်စာရင်းများကို  နေ့တွင် ကြေညာပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘော်လုံးကျွမ်းကျင်မှုပြိုင်ပွဲတွင်   အသက်(၁၃)နှစ်မှ (၂၅)နှစ်အတွင်းရှိ အကြိမ်ရေအများဆုံး ဘော်လုံးကျွမ်းကျင်မှုပြသနိုင်သည့် တစ်မြို့နယ်လျှင် အမျိုးသား (၄)ဦးနှုန်းဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုနှင့်တတိယဆုများကို မတူပီမြို့နယ်မှ လည်းကောင်း၊ ဒုတိယဆုကို မင်းတပ်မြို့နယ်မှလည်းကောင်း၊ နှစ်သိမ့်ဆု(၁၊၂၊၄)ကို ကန်ပက်လက် မြို့နယ်မှလည်းကောင်း၊ နှစ်သိမ့်ဆု(၃၊၅)ကို ဟားခါးမြို့နယ်မှ လည်းကောင်းရရှိခဲ့ပြီး မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း Physical Fitness Dance    ပြိုင်ပွဲတွင် အလွတ်တန်း သီချင်းအပါအဝင် Physical Fitness Dance ကောင်းစွာကပြနိုင်သည့်     တစ်မြို့နယ်လျှင် အမျိုးသမီး(၂)ဦးနှုန်းဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုနှင့် တတိယဆုများကို ဟားခါးမြို့နယ်မှ လည်းကောင်း၊ ဒုတိယဆုကို ကန်ပက်လက်မြို့နယ်မှလည်းကောင်း၊ နှစ်သိမ့်ဆု(၃၊၄)ကို ပလက်ဝမြို့နယ်မှလည်းကောင်း၊ နှစ်သိမ့်ဆု(၁)ကို ဖလမ်းမြို့နယ်မှ လည်းကောင်း၊ နှစ်သိမ့်ဆု(၂)ကို မင်းတပ်မြို့နယ်မှ လည်းကောင်း၊ နှစ်သိမ့်ဆု(၅)ကို ကန်ပက်လက်မြို့နယ်မှ လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ သတ်မှတ်ဦးရေအတိုင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးစည်းမျဉ်းများကို ပြိုင်ပွဲစည်းကမ်းချက်များနှင့်အညီ ဆုံးဖြတ်ပေး သွားခဲ့ကြောင်း  ပြိုင်ပွဲဆုငွေများတွင် ပထမဆု ငွေကျပ်(၃)သိန်း၊ ဒုတိယဆု ငွေကျပ်(၂)သိန်း၊ တတိယဆုငွေကျပ်(၁)သိန်းနှင့် နှစ်သိမ့်ဆုများကို ငွေကျပ် (၅)သောင်းနှုန်းဖြင့် ဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရှိရ သည်။

ခရိုင်(ပြန်/ဆက်)