ပန်ဝါမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် အသိပေးနှိုးဆော်

ပန်ဝါ  စက်တင်ဘာ  ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ယမန်နေ့နံနက် (၁၀) နာရီက ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတည်ငြိမ်ဖွံ့ဖြိုး အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အသိပေး နှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်း လုံးဝ မပြုလုပ်ကြရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ဈေးရောင်း ဈေးဝယ်ပြည်သူများအနေဖြင့် နှာခေါင်းစည်း ( Mask) ကို စနစ်တကျ တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရဲညွန့်(ပြန်/ဆက်)