ကာမိုင်း စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ တနိုင်းဘက်မှမြစ်ဖျားခံ စီးဆင်းလာသော မိုးကောင်းချောင်းနှင့် အင်းတော်ကြီး ဘက်မှ မြစ်ဖျားခံစီးဆင်းလာသော အင်းတော်ချောင်းတို့မှ ရေများလျှံတက်လာမှုကြောင့် စက်တင်ဘာ (၂၇) ရက် ညနေပိုင်းမှစ၍ မြို့အဝင်ကားလမ်းပေါ်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း အနိမ့်ပိုင်းနေရာများဖြစ်သည့် လူနေအိမ်များထဲသို့ ရေများဖုံးလွှမ်းလျက် ရှိကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားရာတွင် အထက်ဘက်မှမိုးများ အဆက်မပြတ်ရွာသွန်း၍ တနိုင်းမြို့နယ်မှ မြစ်ဖျားခံစီးဆင်း လာသော မိုးကောင်းချောင်း (ဒေသအခေါ်နန့်ကောင်းချောင်း) နှင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်မှ မြစ်ဖျားခံစီးဆင်းလာသော အင်းတော်ချောင်းတို့မှ ရေးကြီးရေလျှံမှုများကြောင့် မြို့အဝင် ကားလမ်းပေါ်နှင့် မြေနိမ့်ပိုင်းများတွင်ရှိသော ရပ်ကွက်/ ကျေးရွာ အုပ်စု၏ လူနေအိမ်များထဲသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေများဝင်ရောက်လာမှုကြောင့် ကာမိုင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ ဇီကျွန်းရပ်ကွက်၊ မအူပင်စုရပ်ကွက် နှင့် မြစိမ်းရောင်ရပ်ကွက်တို့တွင် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ် များထဲသို့ ရေများဝင်ရောက်နေသဖြင့် ရေနစ်မြှပ်မှုများ မရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့သဘာ၀ဘေး စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ သန္ဓေ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ သုဂတိမဂ္ဂလူမှုကူညီရေးအသင်း ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရပ်ဖိရပ်ဖများ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ထောင်စု (၁၇၄) စု၊ လူဦးရေ (၈၁၂) ဦးတို့အား ဘုန်းတော်ကြီးကျောင်း၊ အသင်းတော်အဆောက်အဦနေအိမ်၊ ဘော်ဒါဆောင်နှင့် နီးစပ်ရာဆွေမျိုး နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေရာများ ချထားပေးခဲ့ပြီး စက်တင်ဘာ (၂၈) ရက် နေ့လည်စာကို ကာမိုင်းနည်းဗျူဟာအမှတ် (၃၃၁) မှ လည်းကောင်း၊ ညနေစာအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအမံဖြင့် ဦးသန်းဇော်ကွန်း မိသားစု (ကွန်းဖောင်ဒေးရှင်း)မှ ကျွေးမွေးလှူဒါန်းခဲ့သည်။ ရေကြီးမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)