ဆင်ဘိုမြို့၌ ဈေးဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဆင်ဘို  စက်တင်ဘာ ၂၉

မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၌ ဖွင့်လှစ်ထားသော ဈေးဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ မြို့ပေါ်ရပ်ကွက်များနှင့် စည်ပင်သာယာဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ဌာနဆိုင်ရာများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

စစ်ဆေးခြင်းလုပ်ငန်းကို ဆင်ဘိုမြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မြို့စည်ပင်သာယာဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများကို မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရောင်းသူ/ဝယ်သူ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အသိပညာပေးခြင်းနှင့် သတိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကာ FDA မှ ထုတ်ပြန်ထားကန့်သတ်ထားသည့် ဆေးဝါးနှင့်မုန့်များ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ် ဆေးများ ရောင်းချမှု ရှိ/မရှိကိုလည်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးမြင့်စိုး(ပြန်/ဆက်)