တနိုင်း စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းမှ စ၍ နေရာတချို့၌ လမ်းသားပျက် စီးမှုများ၊ လမ်းမကြီးရေကျော်မှုဖြစ်ပွားလျက်ရှိခဲ့သည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ကောင်ရာကျေးရွာအထွက် မိုင်တိုင်အမှတ် KM-120နှင့် KM-121ကြားတွင် အရှည်ပေ(၃၀၀၀) ခန့်၊အနက်(၂)ပေနှင့် (၃)ပေခန့်၊ မိုင်တိုင်အမှတ် KM-123နှင့် KM-125 ကြားတွင် အရှည်ပေ(၁၀၀၀)ခန့် ၊အနက်(၂)ပေခွဲခန့် ၊နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း လီဒိုလမ်းမကြီး မိုင်တိုင်အမှတ် KM-123နှင့် KM-125+500ကြားတွင် အရှည်ပေ (၆၅၀၀)ခန့် အနက်ပေ(၂)ပေခွဲခန့် ၊ တနိုင်းမြို့အဝင် အောင်စိုးမိုးကျေးရွာအနီး လီဒိုလမ်းမကြီး ပေါ်တွင် အကျယ်(၃၀၀၀)ပေ၊ အနက်(၂)ပေခန့်တို့တွင် လမ်းရေကျော်မှုများဖြစ်၍ ယာဉ်လမ်းကြောင်းများ ယာယီပြတ်တောက်ခဲ့ရာ ယနေ့နံနက်(၇)နာရီအချိန်တွင် အောင်စိုးမိုး ကျေးရွာအပိုင်း၊ နမ္မတီး-တနိုင်း လီဒိုလမ်းမကြီးတွင်ရေကျဆင်းသွားပြီဖြစ်၍ တနိုင်း-မြစ်ကြီးနား ယာဉ်များပုံမှန်အတိုင်း သွားလာ၍ ရပြီဖြစ်သည်။
ဆွတ်ငိုင်ရပ်ကွက်၊အေးသုခအပိုင်းနှင့် မြို့ပတ်လမ်းတွင် (၁)ပေခန့်ကျဆင်းသွားပြီ ဖြစ်ပြီး(၆) လက်မခန့် သာကျန်ရှိတော့ကြောင်း၊ မိုင်းခွန်ကျေးရွာအုပ်စု ဂျိုဆာဒီး ကျေးရွာအပိုင်းနှင့် ရွာသစ်ကုန်းကျေးရွာ အပိုင်းကြားတို့တွင် (၃)လက်မခန့်သာ ကျဆင်းပြီး ယာဉ်များသွားလာ၍ မရသေးပါကြောင်း၊ ဆင်မ်ဆာ့ (ကွက်သစ်)ရပ်ကွက် နှင့် ပုန်ခုန်း(ကွက်သစ်)ကြား အမျိုးသားကြီးပွားတိုးတက်ရေးရုံးရှေ့တို့တွင် ရေကျဆင်းသွားပြီး တနိုင်းချောင်းရေ အခြေအနေမှာ စိုးရိမ်ရေအမှတ်အောက် (၁၈)ပေဖြစ်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)