မတူပီမြို၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

မတူပီ      စက်တင်ဘာ     ၃၀

၂၀၂၀ပြည့်နှစ်၊  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီက မတူပီခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်း၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မတူပီခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအယ်လ်စန်တွဲက အမှာစကား ပြောကြားရာတွင် “၂၀၂၀ပြည်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်၍  မဲဆွယ်စည်းရုံးရေးကာလအတွင်း  လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု၊ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်တိုအတွင်း  လွယ်ကူလျင်မြန်စွာ   ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရန် အတွက် ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မတူပီခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းအောင်ရှိန် (ကိုယ်စား)မတူပီခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်(၁) ဦးခင်မောင်စန်း က ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ အားရှင်းလင်းဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)