ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် Online ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် မင်းတပ်ခရိုင်အတွင်းမှပြိုင်ပွဲဝင်(၇)ဦး ဆုရရှိ

မင်းတပ်   စက်တင်ဘာ         ၃၀

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသား Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင် မှုပြိုင်ပွဲသို့ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်များမှ မြို့နယ်ကိုယ်စားပြု အမျိုးသား (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ချင်းပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဘယ်ညာခြေခွင်၊ ဘယ်ညာခြေဖျား၊ ဘယ်ညာပေါင်နှင့် ခေါင်းစသည်တို့ဖြင့် ဘောလုံးစွမ်းရည်ပြသခြင်း (၂)မိနစ်စာရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ဖြင့် ပေးပို့ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်မြမြခိုင် ထံမှသိရသည်။

မင်းတပ်ခရိုင်အတွင်းရှိ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ(၇)ဦးအနက် မတူပီမြို့နယ်မှ မောင်ဘွေကိမ်းထန် က(ပထမ)ဆု၊ မင်းတပ်မြို့နယ်မှ မောင်မောင်းအွမ် (ဒုတိယ)ဆု၊ မတူပီမြို့နယ်မှ မောင်ဆိုင်းဗန်းထန်(တတိယ)ဆုနှင့်  ကန်ပက်လက်မြို့နယ်မှ မောင်ဆွမ်ဟုန်းမောင်၊ မောင်အောင်ပိုင်ထန်းနှင့် မောင်မနားကျော်တို့က နှစ်သိမ့်ဆု များ အသီးသီးရရှိခဲ့ကြသည်။ ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ချင်းပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင်များအနက် (၈)ဦးအား ဆုချီးမြှင့်ရာ မင်းတပ်ခရိုင် အတွင်းရှိ ပြိုင်ပွဲဝင်(၇)ဦး ဆုရရှိခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)