လယ်ဝေး ဖေဖော်ဝါရီ ၂၈
အခြေခံလူတန်းစားများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီဘီစီမြန်မာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီက စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စီဘီစီမြန်မာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Chamenda Kalagamage က အဖွင့်အမှာစကားပြောကြားပြီး စီဘီစီ မြန်မာ(လယ်ဝေးရုံးခွဲ) စီနီယာမန်နေဂျာ ဦးနေလင်းထွန်းက အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များနှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းအဖွဲ့ဝင်များ လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရန် ဆက်လက်လုပ်ဆောင်ရ မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးဝင်းက အကြွေးနွံနစ်မှု အိမ်ထောင်စုများအတွက် အကျိုးရှိစေမည့်ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကောင်းသစ်ဆေးရုံ အထူးကုဆရာဝန် ဒေါက်တာမေသွင်သွင်ကျော်က ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောသည်။ ယင်းနောက် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများမှ စုရပ် ခေါင်းဆောင်များက အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအကြောင်းကို အုပ်စုဖွဲ့၍ ဆွေးနွေးကြသည်။
ထို့နောက် စီဘီစီမြန်မာ(ဇမ္ဗူသီရိရုံးခွဲ) မန်နေဂျာ ဦးဆက်ပိုင်ဦးက တက်ရောက်လာကြသော လူကြီးမင်းများနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့ဝင်များကို ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ပြောကြားပြီး စုရပ်ခေါင်းဆောင် များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
နေဇော်ချစ်(ပြန်/ဆက်)