မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မဖြစ်မနေအပြင်ထွက်ပါက အိမ်တစ်အိမ်လျှင် အပြင်ထွက်ခွင့်ကတ် (၁)ကတ်ဖြင့် တစ်ဦးသာထွက်ရန် စည်းကမ်း သတ်မှတ်ဆောင်ရွက်

မအူပင်  စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း ဦးဆောင်၍စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်းနှင့် မအူပင်မြို့နယ်အတွင်းရှိ (CSO) လူမှုရေးအသင်း အဖွဲ့များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မအူပင်မြို့နယ်တွင် စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မဖြစ်မနေ အပြင်ထွက်ပါက အိမ်တစ်အိမ်လျှင် အပြင်ထွက်ခွင့် ကတ်ဖြင့် တစ်ဦးသာထွက်ရန် Stay at Home ကာလတွင် စည်းကမ်း သတ်မှတ်၍ ဆောင်ရွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း ဦးဆောင်သည့် အဖွဲ့က ဆုံးဖြတ်ခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ မြို့ပေါ်(၁၂)ရပ်ကွက်တွင် စတင်ဆောင်ရွက်စစ်ဆေးလျက်ရှိရာ အိမ်တစ်အိမ်လျှင် လူတစ်ဦးအတွက် သာအပြင်ထွက်ခွင့်ကတ်(၁)ကတ် ပေးထားပြီး အပြင်ထွက်ပါက တစ်ပါတည်းယူဆောင်ရန်၊ ရပ်ကွက်များအလိုက် လမ်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များအား ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက တာဝန်အရ ပူးပေါင်းစစ်ဆေးမှုများအား ကြည်ဖြူစွာလက်ခံပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက်ပူးပေါင်းပါဝင် ဆောက်ရွက်ရန်နှင့် ဝန်ထမ်းများ အပြင်ထွက်ပါက ဝန်ထမ်းကတ် ဆွဲထားရမည်ဖြစ်ပြီး ပူးပေါင်းကူညီနေသည့် လူမှုရေးအသင်းအဖွဲ့များက သတ်မှတ် လည်ဆွဲကတ်ဆွဲရန်နှင့် ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကာလအတွင်း အလုပ်အကိုင်ရှားပါးသဖြင့် စားဝတ်နေရေးအတွက် အမှန်တကယ် လိုအပ်သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန်အိတ်(၆၀)နှင့်မအူပင်မြို့ အလှူရှင်များ စုပေါင်းလှူဒါန်း ထားသည့်ငွေကျပ်(၂၃၀)သိန်း အလှူခံရရှိငွေအား ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။

အောင်ခိုင် (မအူပင်)