ဟားခါး စက်တင်ဘာ ၃၀
ချင်းပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း(၂၁၆) ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင် သာယာရေးအဖွဲ့ရုံးထံမှ သိရှိရသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်နှင့်မြို့များတွင် လမ်းတံတားဆောက်လုပ်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ ရေပြွန်၊ ရေမြောင်းနှင့် ရေပေးရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း(၂၁၆)ခုကို ချင်းပြည်နယ်စည်ပင်ယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အားလုံးကို အိတ်ဖွင့်တင်ဒါစနစ်ခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းတင်ဒါလျှောက်ထားရာတွင် လျှောက်လွှာပုံစံစည်းကမ်းချက်များနှင့်အညီ ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်၊မြို့စည်ပင် သာယာရေးအဖွဲ့ရုံးများတွင် အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း၊ တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ ဒေသတွင်းသတင်းမီဒီယာများမှ လည်းကောင်း၊ ဌာနဆိုင်ရာ ကြော်ငြာသင်ပုန်းများတွင်လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်၊ မြို့များအလိုက် လုပ်ငန်းတင်ဒါ ကြော်ငြာစာများကို ကြော်ညာထားပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံး ဟားခါးမြို့တွင် လာရောက်လျှောက်ထားမည့် လုပ်ငန်းရှင်များအနေဖြင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးကာလဖြစ်သည့်အတွက် သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေးဌာနမှ COVID-19 နှင့်ပတ်သက်၍ Negative ဖြစ်ကြောင်းထောက်ခံစာ စသည့် ခရီးသွားလာခွင့်နှင့် ရောဂါကင်းရှင်းကြောင်းထောက်ခံစာများ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)