တနင်္သာရီမြို့ အဝင်/အထွက်နေရာ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးမှုများ စုပေါင်းဆောင်ရွက်

တနင်္သာရီ၊ စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီကစ၍ တနင်္သာရီတံတားသစ်ကြီး၏ထိပ် တနင်္သာရီမြို့အဝင်/အထွက်နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးဂိတ်ကို စတင်ဖွင့်လှစ်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ်  ခရီးသွားပြည်သူများနှင့်မော်တော်ယာဉ်များအား စစ်ဆေးမှုများ အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ယင်းသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှပြန်လည်ဝင်ရောက်လာမည့် ခရီးသွားဧည့်သည်တွေကို အဓိကထားစစ်ဆေးကြောင်း၊ ခရီးသွားတဲ့အခါမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာ နေထိုင် ကြောင်းထောက်ခံချက်၊ ခရီးသွားလာသည်မှာမှန်ကန်ကြောင်းထောက်ခံချက်တွေနဲ့ သွားလာနိုင်ဖို့အတွက် စစ်ဆေးခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၏ပြောပြချက်အရ သိရှိရသည်။

ထို့အပြင် ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးသွားသည့်အခါ သက်ဆိုင်ရာကျေးရွာ အုပ် ချုပ်ရေးမှူး၏ ခရီးသွားထောက်ခံချက် (သို့မဟုတ်) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မပါရှိပါက မြို့အတွင်းသို့ဖြတ်ကျော်ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဝန်ထမ်းဖြစ်ပါက ခရီးသွားလာခွင့်အမိန့်(MO)(သို့မဟုတ်) ညွှန်ကြားစာပါရှိရမည်ဖြစ်ကြောင်း၊ အလားတူ Mask တပ်ဆင်စေခြင်း၊ ကိုယ်ပူချိန်တိုင်းတာမှတ်သားခြင်း၊ ခရီးသွားရာဇဝင်နှင့်ဆက်သွယ်ရန်လိပ်စာများ ရယူခြင်းတို့ကို စစ်ဆေးရေးဂိတ် ကြီးကြပ်ရေးတာဝန်ခံ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ကျန်းမာရေးဌာနဝန်ထမ်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့တို့မှ (၂) ဦးစီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့များက တိုင်းဒေသကြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီမြို့နယ်သည် အိမ်နီးချင်း မြိတ်မြို့နှင့် ကုန်းလမ်းအားဖြင့်(၅၀)မိုင်သာ ကွာ ဝေးပြီး လက်ရှိတွင် မြိတ်မြို့တွင် ကိုဗစ် - ၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၀) ဦးတွေ့ရှိနေကြောင်း သတင်းအရ  ဒေသခံများက ရောဂါကူးစက်ပျံ့နှံ့မည်ကို စိုးရိမ် ပူပန်လျက်ရှိကြသည်။  လတ်တလောအချိန်အထိ မြိတ်မြို့မှဈေးရောင်းလာသော မော်တော်ယာဉ်များ/ဆိုင်ကယ်များ၊ ခရီးသွားများကလည်း ယခင်အတိုင်းပင် အသွား အလာများရှိနေသဖြင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ထိန်းချုပ်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)