သာစည်၊ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အသက် ၈၀ နှစ်ပြည့်ပြီး ၈၅ နှစ်မပြည့်သေးသည့် သက်ကြီး ဘိုး ဘွားများအား ကိုဗစ် - ၁၉ ကာလ ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များအနေဖြင့် ထောက်ပံ့ငွေပေးအပ်ရာတွင် သတ်မှတ်ချက်များနှင့်အညီဖြစ်စေရန် စနစ်တကျနှင့်ကြပ်မတ်ဆောင် ရွက်ကြရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ သက်ကြီးဘိုးဘွားများသို့ ထောက်ပံ့ပေးအပ် နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်ပြည့်ပြီး ၈၅ နှစ်မပြည့်သေးသည့် သက်ကြီး ဘိုးဘွား ၁၆၆၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ ကျပ် (၅၀၀၁၀၀၀၀) ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကုသရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များတက်ရောက်ကြကြောင်းသိရသည်။
ထွန်းထွန်း(ပြန်/ဆက်)