ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကျောက်ပန်းတောင်းမြို့နယ်ရှိ အသက် (၈၀) နှစ် ပြည့်ပြီး (၈၅) နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ ငွေပေး အပ်ခြင်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို၊ ယမန်နေ့နံနက် (၁၀) နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုက နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်ဖြင့် ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှငးလင်းပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် သက်ဆိုင်သူများလက်ဝယ်အရောက် ပေးအပ်သွားကြရန်နှင့်မည့်သည့် ငွေကြေးပျသနာမျှမပေါ်ပေါက်အောင် ဂရုပြုဆောင်ရွက်သွားကြရန် မှာကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်က ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးတို့က အသက်(၈၀)နှစ် ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ပေးအပ်သည့်ထောက်ပံ့ငွေများနှင့် မသန် စွမ်းသူများအား ထောက်ပံ့ငွေများကို၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အဆိုပါအခမ်းအနားတွင် (၈၀) နှစ်မှ (၈၅) နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၂၄၅၄) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၃၆၂၀၀၀၀)နှင့် မသန်စွမ်းသူ (၁၈၉၈) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃) သောင်းနှုန်းဖြင့် ငွေကျပ် (၅၆၉၄၀၀၀၀)ကျပ်တို့ကို ပေးအပ်ခဲ့ကြောင်းသိရပြီး၊ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)