ရေဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ရေဖြူ အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမည့်သူစာရင်းကို ယခု အောက်တိုဘာ (၁) ရက်နေ့မှ စတင်ကာ (၁၄) ရက်နေ့အထိ ရေဖြူမြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်ရေး အတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာစဉ်က တောင်းဆို ခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများအား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို ယခု အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ(၁၄)ရက်အထိ ကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ပါက ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ ၄ (ဂ) စသည့် သတ်မှတ်ပုံစံများဖြင့် မဲစာရင်း ကပ်ထားကြေညာ သည့် (၁၄) ရက်အတွင်း လာရောက်လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၃၄) ခု၌ မဲရုံပေါင်း (၁၁၄) ရုံရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင် ဦးရေ (၁၁၀၈၁၉) ဦးရှိကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုရန်၊ လာရောက်ကြည့်ရှုရန် အခက် အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက်ကြည့်ရှုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း တိုက်တွန်းနှိုးဆော် ထားကြောင်း သိရသည်။

ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)