ရေဖြူ အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ အသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၁၄) ဦးကို ခန့်အပ်တာဝန်ချထားပေးမည် ဖြစ်ကြောင်း သိရသည်။
အထူးရဲများအနေဖြင့် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအပါအဝင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၃၄) ဖွဲ့နှင့် ပူးပေါင်းပြီး မဲရုံလုံခြုံရေး တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်ပြည်သူများ မဲမပေးနိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် (၅၀၀) အတွင်းမှာ မလိုလားအပ်သော ပြဿနာ အနှောင့်အယှက်များ မဖြစ်ပေါ်စေရေးနှင့် မူးယစ် သောက်စား ရမ်းကားဆူပူမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမောင်ထံမှ သိရသည်။
အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၁၄) ဦးကို အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၂၈) ရက်အထိ သင်တန်းပေး၍ နိုဝင်ဘာ (၁၅) ရက်နေ့အထိ (၄၆) ရက် ခန့်အပ်တာဝန်ပေးမည် ဖြစ်ကြောင်းနှင့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)