ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ်စောင့်ကြည့် ထားရှိ

ရိခေါ်ဒါရ်          အောက်တိုဘာ   ၁

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျော့သဲကျေးရွာအုပ်စု၊ ဟိုင်ဟင်းကျေးရွာ၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ၊  မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ စက်ချုပ်အလုပ်လုပ် သွားရောက်ရာမှ နေရပ်ပြန်လာသူဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူအား ရိခေါ်ဒါရ်မြို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဂိတ်ရှိ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသားများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားနေဆဲဖြစ်သည့် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား (၁၀)ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)