ဖားကန့် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်တို့တွင် ဖွင့်လှစ်မည့် မဲရုံဆိုင်ရာ ဆင့်ပွားသင်တန်းကို တက်ရောက်ရန် ဖားကန့်မြို့နယ်ပြင်ပမှ လာရောက်ကြမည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာကျောင်း၌ သင်တန်းမတက်ရောက်မီ Facility Quarantine (၁၄)ရက် နေကြရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မဲရုံအလိုက်တာဝန်ပေးခန့်အပ်ပြီးဖြစ်သော မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမ များအနေဖြင့် ကာမိုင်းမြို့နှင့် ကာမိုင်း - ဖားကန့် လမ်းကြောပေါ်အတွက် ကာမိုင်းမြို့ဂိတ်နှင့် ဖားကန့်ဘက်ခြမ်းအတွက် နန့်ယားဂိတ်တို့တွင် မိမိ ကယ်ရီစီးလာသော မော်တော်ယာဉ်အား ပြန်လှည့်စေပြီး မြို့နယ်မှစီစဉ်သတ်မှတ်ထားသော မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်ကာ သက်ဆိုင်ရာကျောင်းအလိုက် လိုက်လံပို့ဆောင်ပြီး Facility Quarantine ထားရှိသွားမည့် ဆောင်ရွက်မှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဖားကန့်မြို့နယ်သို့ မြို့နယ်ပြင်ပမှ မဲရုံတာဝန်ထမ်းဆောင်ရန် လာရောက်ကြမည့် ပညာရေး ဝန်ထမ်းများအဖြစ် ကချင်ပြည်နယ်ပြင်ပမှလာသူ (၅၃)ဦးနှင့် ကချင်ပြည်နယ်တွင်း အခြားမြို့နယ် များမှ လာသူ(၃၂၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖားကန့်မြို့နယ်သို့ ဒေသခံ မဟုတ်သူများအား ဝင်ရောက်ခွင့်မပြုရန်နှင့် ဒေသခံများဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များ၏ ထောက်ခံချက်ပါရှိမှသာ ဝင်ရောက်ခွင့်ပြုပြီး Facility Quarantine (၁၄) ရက်အား သတ်မှတ်နေရာများ၌ ထားရှိ၍ လိုအပ်ပါက Swab နမူနာများ ပေးပို့စီစစ်သွားရန် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ ၂၀ ရက်နေ့က ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၌ ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုသူ ၃၅ ဦးထိရှိနေပြီး ၉ ဦးမှာ ရောဂါသက်သာပြီး ဆေးရုံမှ ဆင့်ခွင့်ရခဲ့ပြီဖြစ်သည့်အတွက် လက်ရှိ ဆေးဝါး ကုသမှုခံယူနေသူ ၂၆ ဦးရှိသည်။
တာလင်းမောင်(ပြန်/ဆက်)