ဘိုကလေးမြို့နယ်တွင် အထူးရဲသင်တန်း ဖွင့်လှစ်ပို့ချ

ဘိုကလေး  အောက်တိုဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့ နံနက်(၈)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်ကြမည့် အထူးရဲတပ်ဖွဲ့ ဝင်များအား ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှ အထူးရဲသင်တန်း စတင် ဖွင့်လှစ်ပို့ချသည်။

ဘိုကလေးမြို့နယ်အတွင်းမှ  မဲရုံ(၃၆၁)ရုံအတွက် အထူးရဲတပ်ဖွဲ့ဝင် (၃၆၁)ဦး ခန့်အပ်ထားရှိခဲ့ကာ ယနေ့သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင် (၁၀၂)ဦးတက်ရောက်ကြကြောင်း၊ ကျန်ရှိသည့် အထူးရဲတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ သင်တန်း ပို့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြအဖြစ် ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး မြင့်သိန်းမှ တာဝန်ယူဆောင်ရွက်ပြီး သင်တန်းသားများအား မဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေနည်းဉပဒေများ၊ ရဲကျင့်ဝတ်များနှင့် စစ်ရေးပြ ဘာသာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ဘိုကလေးမြို့မ စခန်းမှူးထံမှ သိရသည်။

အဆိုပါ သင်တန်းကာလမှ ယနေ့ အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၂၈)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ ပို့ချသွားမည် ဖြစ်ကြောင်းနှင့် ယနေ့ကျရောက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စက်တင်ဘာ (၂၆)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သီရိမင်္ဂလာ စံကျောင်းတိုက်ကြီးအတွင်း၊ အပြင်များမှ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်ပြီး လုပ်အားဒါနပြုခဲ့ကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)