ဟားခါး အောက်တိုဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ တစ်အိမ်တက်ဆင်း ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရာတွင် ဟားခါးမြို့နယ်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ကြားရှိ ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား(၂၃၀)ဦးအတွက် ငွေကျပ် (၆၉၀၀၀၀၀)အား ထောက်ပံ့ပေးခဲ့သည်။
ဟားခါးမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား တစ်ဦးအား တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် (၃) လစာ(၃၀၀၀၀)ကျပ်အား သက်ကြီးဘိုးဘွား (၂၃၇)ဉီးအတွက် ထောက်ပံ့ငွေကျပ် (၇၁၁၀၀၀၀)ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် ပထမအကြိမ် ထောက်ပံ့ပေးခဲ့ပြီး ယခုတွင် ဒုတိယအကြိမ် ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါCOVID-19 ကာလအတွင်းမှာ ဘိုးဘွားများ ထောက်ပံ့ပေးခြင်းကြောင့် ဘိုးဘွားများ၏ စားဝတ်ရေးနှင့် ဆေးဝါးကုသရေးအတွက် ပိုမိုအထောက်အကူဖြစ်စေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံမှ သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)