ခိုင်ကမ်းမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ

ခိုင်ကမ်း  အောက်တိုဘာ  ၁

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ်ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ၈ နာရီမှစ၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ကပ်ထားကြေညာပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါဝင်ပါက  ပုံစံ(၃)ဖြင့် အမည်ထည့်သွင်း တောင်းဆိုခြင်း၊  အခြားဒေသမှ လာရောက် နေထိုင်သူဖြစ်ပါက ပုံစံ-၃(က)ဖြင့်လျှောက်ထားခြင်း မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် မိမိအချက်အလက်များ မှားယွင်းနေပါ က ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ပြန်လည် စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခိုင်ကမ်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ပထမအကြိမ်စီစစ်ပြီး ရှိသူစုစုပေါင်း (၂၂၇၈)ဦး ရှိပြီး   နိုင်ငံရေးပါတီ (၇)ပါတီ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူ (၁) ဦး တို့ရှိကြောင်း သိရှိသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)