ပန်ဆိုင်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နယ်စပ်ဒေသပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ ၊ ဝမ်တိန်မြို့၊ ပါတီဉက္ကဌမစ္စတာရင်တုံတက် ဦးဆောင်သည့်အဖွဲ့မှ (ခန့်မှန်း) ကာလတန်ဖိုး(၁၁)သိန်းကျော်ရှိ ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးများကို ယမန်နေ့၊ နံနက်(၁၁)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့ ၊နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ် ကြူကုတ်-ဝမ်တိန် တံတား၌ လာရောက်ပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး နှစ်နိုင်ငံ၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နှစ်ဦးနှစ်ဘက်အတူတစ်ကွ ပူးပေါင်း ဆောင်ရွက် နိုင်ရေးတို့ အတွက် (အလွတ်သဘော) အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကို တရုတ်နိုင်ငံ ၊ ဝမ်တိန် ပါတီဉက္ကဌဦးဆောင်သည့် တရုတ်နိုင်ငံ၊ ပါတီအတွင်းရေးမှူး မစ္စတာ ဆုန်ဆင်အမ်း၊ ဝမ်တိန်မြို့ အကောက်ခွန်ဦးစီးဌာနမှ ဌာနမှူးမစ္စတာလော်ကျင်းရင်၊ ဝမ်တိန်မြို့ လဝကမှရဲမှူးမစ္စတာလိကျာ ၊ ဝမ်တိန်မြို့ ပြည်ပဆက်ဆံရေးဌာနမှ ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများက ကြူကုတ်-ဝမ်တိန် (တံတား)၌ လာရောက် ပေးအပ် ခဲ့ရာ ပန်ဆိုင်း(ကြူကုတ်)မြို့ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်၊ မြို့ပြည်သူ့ဆေးရုံမှ ဒေါက်တာတီခွန်ဆန်ဒွန်းနှင့် ဌာနဆိုင်ရာများမှ လက်ခံရယူခဲ့သည်။
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် လာရောက်လှူဒါန်းသည့် ကျန်းမာရေး အထာက်အကူပြု နှာခေါင်းစည်း (Mask) စုစုပေါင်း(၁)သောင်းနှင့် ပိုးသတ်ဆေးပုံး(၆၀)ပုံး တို့ကို နယ်စပ်ဒေသ၊ ပန်ဆိုင်း (ကြူကုတ်) မြို့၌ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တစ်ကျ အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)