ပူတာအို အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ သတ်မှတ်နေရာ အသီးသီးတွင် တပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။
သင်တန်းတွင် အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်၊ လူ့အခွင့်အရေး၊ ရဲကျင့်၀တ်၊ ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေ၊ ပြည်သူလူထု ပူးပေါင်းပါ၀င်သော ရဲလုပ်ငန်းစနစ်၊ ရာဇသတ်ကြီးဥပဒေ၊ ရဲအက်၊ ရာဇ၀တ်ကျင့်ထုံး၊ ရဲလက်စွဲ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ၊ အခြားသိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာဥပဒေ နှင့်ကျင့်၀တ်စသည့် ဘာသာရပ်များကို အထူးရဲ နည်းပြ(အရာရှိ)သင်တန်း၊ အထူးရဲ(ဆင့်ပွား) သင်တန်းဆင်း နည်းပြ(အရာရှိ)များက စနစ်တကျ သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင်အတွင်းရှိ မဲရုံပေါင်း(၁၃၈)ရုံတွင် မဲရုံလုံခြုံရေး အထူးရဲတပ်ဖွဲ့၀င်များအဖြစ် ခန့်အပ်တာ၀န်ပေး နိုင်ရန်အတွက် ပူတာအိုမြို့နယ်တွင်(၄၈)ဦး၊ မချမ်းဘော့မြို့နယ်တွင် (၁၇)ဦး၊ နောင်မွန်မြို့နယ်တွင်(၂၅)ဦး၊ ခေါင်လန်ဖူး မြို့နယ်တွင်(၃၆)ဦး၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် (၁၂)ဦး စုစုပေါင်းအထူးရဲ(၁၃၈)ဦးတို့ကို သက်ဆိုင်ရာ မြို့နယ်အလိုက် သတ်မှတ်နေရာ အသီးသီးတွင် သင်တန်းဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲတွင် အထူးရဲတာ၀န်ထမ်းဆောင်မည့် တပ်ဖွဲ့၀င်များဥပဒေ နှင့်အညီ ဆောင်ရွက်တတ်စေရန် အောက်တိုဘာ(၁)ရက်မှ (၂၈)ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)