ပြင်စလူမြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၈၀)ဦးအား ခန့်အပ်၍ သင်တန်းပို့ချ

ပြင်စလူ  အောက်တိုဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံးအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင် မည့် အထူးရဲ(၈၀)ဦးကိုခန့်အပ်၍ လုံခြုံရေး တာဝန်အပြည့် ထမ်းဆောင်စေရန် အထက ပြင်စလူ ကျောင်းတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပို့ချ ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တပ်ကြပ်အောင်ကျော်မိုး၊ တပ်ကြပ်ပေါက်စ၊ တပ်သားဟိန်းမင်းထက်၊ တပ်သား ကျော်ကိုကို တို့မှ တာဝန်ယူ၍ အထူးရဲတပ်ဖွဲ့ဝင်များကို စာတွေ့လက်တွေ့ သင်တန်းများ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းဖွင့်စဉ် ကာလအတွင်း သင်တန်းသားများ နေထိုင်ရေးစားသောက်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ သင်တန်းသား အိပ်ဆောင်များ၊ စာသင်ဆောင်များကို ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့မှ ထုတ်ပြန်ချက်များကို သိရှိလိုက်နာရန် အသိပေး ပြောကြားခဲ့​ကြောင်း သိရသည်။

ဇင်ဖြိုးသူ(ပြန်/ဆက်)