လိုင်လင်းပီ အောက်တိုဘာ ၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပရာ၌ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲအပြည့်အဝပေးနိုင်ရေးတို့အတွက် ဒုတိယအကြိမ်အဖြစ် အခြေခံမဲစာရင်းများ ကပ်ထားကြေညာခြင်းကို လိုင်လင်းပီမြို့၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁) ရပ်ကွက်ရှိ MTP Hall နှင့် အမှတ်(၂)ရပ်ကွက်ရှိ KTP Hall တို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာ ပေးလျက်ရှိကြသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာစဉ်က တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင် လျှောက်ထား မှုများအား ပြန်လည်ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို ယနေ့ အောက်တိုဘာလ (၁)ရက်နေ့မှစတင်ကာ (၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် လာရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ပါက ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄ -ဂ) စသည့် သတ်မှတ်ပုံစံများဖြင့် မဲစာရင်း ကပ်ထားကြေညာ သည့် (၁၄) ရက်အတွင်း လာရောက် လျှောက်ထားဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲထံ အခမဲ့ရယူနိုင်ကြောင်းသိရသည်။
ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက်မှ ဩဂုတ်လ (၇) ရက်ထိ ကပ်ထားကြေညာခဲ့ပြီး ယခုအကြိမ်ကပ်ထားကြေညာခြင်းမှာ နောက်ဆုံးကပ်ထားကြေညာ ပေးခြင်းဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ နေ့တွင် လွယ်ကူစွာမဲပေး နိုင်ရေး အတွက် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုရန် လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲကာလအတွင်း လိုင်လင်းပီမြို့ပေါ်၌ မဲရုံ(၂)ထားရှိမည်ဖြစ်ပြီး ယခု ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ (၁၅၄၀)ဦးရှိကြောင်း လိုင်လင်းပီမြို့၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ယာကမ် (ပြန်/ဆက်)