ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်

ဆွမ်ပရာဘွမ်    အောက်တိုဘာ  ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘန်ရူခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ဆရာဝန်ကြီး ဦးအောင်နိုင်ဦးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာရမည့် အချက်များကို ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးက အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် (၂) တို့တွင် မဲရုံ (၁၂) ရုံအတွက် အထူးရဲ (၁၂)ဦးကို မဲရုံလုံခြုံရေး အတွက်ခန့်အပ်ထားကြောင်း၊ အထူးရဲအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့်ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲ ကာလတွင် မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် ဟန့်တားမှုများမဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့်ကိုက် ၅၀၀ အတွင်း မလိုလားအပ်သော ပြဿနာ အနှောင့်အယှက် အဟန့်အတားများ မဖြစ်ပေါ်စေရေးနှင့် မူးယစ်သောက်စား ရမ်းကားဆူပူမှုများ မရှိစေရေးအတွက် လှည့်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးက ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ်)