ဝိုင်းမော် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းကို ယနေ့ နံနက်(၉)နာရီတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းကျော်မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံအတွက် အထူးရဲ(၅၈)ဦး ကိုမဲရုံလုံခြုံရေးတွက် ခန့်အပ်ထားကြောင်းနှင့် အထူးရဲအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ရန်နှင့် သင်တန်းသားများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အုပ်ချုပ်သူ သင်တန်းနည်းပြ အရာရှိ(၂)ဦးနှင့်အခြား အဆင့်(၃)ဦးတို့က စစ်ရေးပြ(လက်နက်မဲ့)၊ လူ့အခွင့်အရေးဘာသာရပ်၊ရဲကျင့်ဝတ်ဘာသာရပ်၊ ရဲစည်း ကမ်း ထိန်းသိမ်းရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေနှင့် ကျင့်ဝတ်၊ ရွေးကောက်ပွဲ ဆိုင်ရာသိမှတ်ဖွယ် စသည့်ဘာသာရပ်များကို အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈)ရက်နေ့ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ခန်းလျှင် သင်တန်းသား(၃၀)ဦး နှုန်းဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)