ဝိုင်းမော်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာ

ဝိုင်းမော်    အောက်တိုဘာ   ၁

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲစာရင်းကို ပထမအကြိမ် မဲစာရင်းကြေညာစဉ်က တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်ခြင်း များ အားဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို ဒုတိယအကြိမ်အဖြစ် ယခုပြန်လည်ကြေညာခြင်း ဖြစ်၍ ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု့စစ်ဆေးပြီး မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများပါဝင်နေပါကပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်း နေပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း လျှောက်ထားပြင်ဆင်ဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်သည့် လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် အခမဲ့ရယူနိုင်ကြောင်းနှင့် ဝိုင်းမော်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၁၃) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂၇)ရွာရှိရာ မဲရုံစုစုပေါင်း(၅၈)ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း ရှစ်သောင်းငါးထောင်ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)