ကွမ်းလုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို မြို့နယ်အထူးတိုက်ခိုက်ရေးရဲတပ်ဖွဲ့ရုံး၌ ယနေ့နံနက် (၉)နာရီအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းသန်းစောနှင့် မြို့နယ်စခန်းမှူး ဒုရဲမှူးကျော်ကျော်ခိုင်တို့က သင်တန်းဖွင့်လှစ်မှု အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လိုက်နာရမည့် စည်းကမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို အထူးရဲသင်တန်းသား(၅၈)ဦးဖြင့် သင်တန်းကာလ(၂၈)ရက်ကြာမြင့်မည်ဖြစ်ပြီး စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)