ဆီဆိုင် အောက်တိုဘာ ၁
ဒေသခံတိုင်းရင်းသားပြည်သူများ ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ယနေ့ နံနက် ၉ နာရီခွဲခန့်က လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဘဆန်းလှ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဒေါ်ဇင်ဇင်ပြုံးတို့က ၂၀၁၉-၂၀၂၀ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၆.၃၅)သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဘန်းယဉ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများဖြစ်သည့် နားလွယ်-မိုက်ဆနှောင်း-ဖိုင်ကွမ်း-ဖိုင်လင်း-နမ့်ကွတ်-နောင်စန့် ကျေးရွာချင်းဆက် မြေသားလမ်း ၁ မိုင် ၇ ဖာလုံအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)