ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြည်သူ့စကားဝိုင်းကျင်းပ

ငါန်းဇွန်  ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက "(COVID-19) အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာများ" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက "(COVID-19) အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာများ" ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အခြားနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ဖြစ်ပေါ်လျက်ရှိနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးဇော်နောင်လှိုင်က ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါ ကူးစက်နိုင်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ကူးစက်မှုကာကွယ်နိုင်သည့် နည်းလမ်းများကို လည်းကောင်း ဦးဆောင်ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ  ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ထွန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်၊ မြို့နယ် အမျိုးသမီး ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ငါန်းဇွန် အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများနှင့် နဝမတန်း ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၆၁ ဦးတို့အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)