ဗန်းမော်မြို့၌ အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်လှစ်

ဗန်းမော်    အောက်တိုဘာ   ၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်‌နေ့ နံနက် ၈ နာရီက ဗန်းမော်မြို့ မြို့မရဲစခန်းရှိ ရဲသီဟခန်းမ၌ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

သင်တန်းတွင် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး စိုးမြင့်အောင်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ(Special Police)သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် သင်တန်း စတင်ဖွင့်လှစ်ခဲ့ကာ ဗန်းမော်မြို့နယ်အတွင်း မဲရုံ(၆၉)ရုံရှိပြီး မဲရုံ(၁)ရုံလျှင် အထူးရဲ(၁) ဦးနှုန်းဖြင့် စုစုပေါင်းသင်တန်းသား(၆၉)ဦးအား ရွေးကောက်ပွဲကာလအတွင်း အခြားအဖွဲ့များနှင့် အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)