ကန်ပက်လက်မြို့၌ အထူးရဲသင်တန်းဖွင့်လှစ်

ကန်ပက်လက်     အောက်တိုဘာ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းကို ယမန်‌နေ့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ဇလပ်ဝါ) ခန်းမ၌  ပြုလုပ်ကြသည်။

အဆိုပါ သင်တန်းတွင် လက်နက်မဲ့စစ်ရေးပြ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ/နည်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ကျင့်ထုံးဥပဒေ၊ အထူးနှင့်အထွေထွေ ဥပဒေ စသည့်ဘာသာရပ်များကို သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာ (၁) ရက်နေ့မှ နိုဝင်ဘာ (၁၄) ရက်နေ့အထိ (၄၅) ရက်ကို သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ လစာ၊ စရိတ်များ ခံစားခွင့် ရှိမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးကျော် ကပြောသည်။

ရွေးကောက်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား လုံလောက်မှု မရှိသဖြင့်  အထူးရဲတပ်ဖွဲ့ခေါ်ယူရ ခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲပြီး ကာလဟူ၍  အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)