မြစ်ကြီးနား အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ်ကပ်ထားကြေညာခြင်းကို ယမန်နေ့မှစ၍ (၁၄)ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းသည် နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆန္ဒမဲစာရင်းတွင် မိမိတို့၏အမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းတောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများဖြစ်ပါက ပုံစံ ၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်များမှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းကို သတ်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများလာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားသည်။
မြစ်ကြီးနားမြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် (၂၂၈၇၇၆)ဦးရှိပြီး မဲရုံပေါင်း (၁၄၀)ရုံ ရှိကြောင်းသိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)