အင်ဂျန်းယန်မြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲသင်တန်းဖွင့်လှစ်

အင်ဂျန်းယန်  အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက(အင်ဂျန်းယန်) အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်(SOP) ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်က ဒီနေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ပြီး အထူးရဲသင်တန်း ဖွင့်လှစ်ခွင့်ရတဲ့အတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အောက်တိုဘာ (၁)ရက်မှ နိုဝင်ဘာ(၁၄)ရက်ထိ၊ (၄၅)ရက်တာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ လစာနှင့်စရိတ်များ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်၊ ရဲအက်ဥပဒေ၊ အခြေခံစစ်ရေးပြလေ့ကျင့်ခန်းနှင့် သင်တန်း နည်းပြများ၏ ပို့ချဆွေးနွေး သင်ကြားမှုကို အထူးအလေးထား မှတ်သားကြရန် သင်တန်းဖွင့်အမှာစကား ပြောကြားပြီး အထူးရဲ သင်တန်းသား များအား ထောက်ပံ့ငွေပေးအပ်သည်။

အဆိုပါ သင်တန်းသို့ အထူးရဲ(၇)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)